Bodhi Bank

လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်မြတ်ကြီး (သမိုင်းအကျဉ်း)


ရှေ့လွန်လေပြီးသောကာလက မဏိပူရပြည်ကြီး ရှင်ဘုရင်ကြီး၏ တောင်နန်းစံမိဖုရားကြီးမှ သားတော်သုံးပါး ထွန်းကားခဲ့ပါ၏။ ညီတော်နောင်တော်နှစ်ပါးက ထီးနန်းငြီးငွေ့၍ တောထွက်ခဲ့ကြရာ ယက်ပေါက်တောင်တန်းအစ လက်လုပ်တောင်ဒေသသို့ရောက်ခဲ့ကြ၏။ အကိုက ‘လွမ်းတောင်’ တွင်နေ၏။ ညီကလက်လုပ်တောင်တွင်နေ၏။ ညီအငယ်ဆုံး အဘိဓမ္မာရာဇာကမင်းပြုလေသည်။

 လက်လုပ်တောင်ဟူသည် ယင်းတောင်၏ မြောက်ဖက်တစ်မိုင်ခွဲခန့်ကမြေများကို လူတရစ်နတ်တရစ် သယ်ဆောင်၍ ညတွင်းပြီးအောင်ဖို့ယူခဲ့ကြ၏။ ညီတော်၊နောင်တော်တို့၏သိဒ္ဓိမဟိဒ္ဒိအစွမ်းများလည်းပါ၏။လက်ခုပ်များဖြင့်သယ်ယူ၍ဖို့သောကြောင့် ‘လက်ခုပ်တောင်’ဟု 
အမည်တွင်ရာမှ ကာလရွေ့လျော၍ ‘လက်လုပ်တောင်’ ဟု အမည်တွင်ကျယ်လာခဲ့သည်။
 ထိုမြေယူရာအရပ်တွင် လက်ခုပ်များဖြင့်သယ်ယူရာမှ ကျသောရေစက်များကျရာမှစုပြီး ထူးဆန်းစွာ ညတွင်းကြီး ရေကန်ဖြစ်သွားခဲ့ရ၏။ နောင်တွင်ထိုကန်အနီးတွင် ရွာတည်ရှိသဖြင့် ထိုရွာကို ‘ကန်လှရွာ’ဟု ယခုထက်တိုင်တည်ရှိနေပါသည်။
 ထိုလက်လုပ်တောင်တွင် ညီအငယ်က နောင်ပွင့်လတ္တံ့သော အရိမေတ္တယျ ဘုရားပွင့်သောအခါ ကျောင်းဆောက်လိုသော ဆန္ဒဖြင့် ၊ ရွှေတိုက်၊ ငွေတိုက် ၊ ကျောက်သံပတ္တမြားတိုက် ၊ ပြဒါးတိုက်ကြီး လေးခုတည်၍ မြေမြုပ်ဖိထားခဲ့၏။ ထိုတိုက်တို့ကိုစောင့်ရှောက်ရန်ရွှေကို နဂါးရုပ်ထုလုပ်၍ မျက်စိကို ပြဒါးရှင်မျက်လုံးတပ်ဆင်ထားခဲ့ပြီး သိဒ္ဓ္ဒိမဟိဒ္ဒိအစွမ်းတတ်ဖြင့်စီမံ၍ အစောင့်အရှောက်ထားခဲ့လေ၏။
  နောင်တွင်ညီအငယ်ဆုံး အဘိဓမ္မာရာဇာမင်းကြီး၏သမီးတော်ကြီး ကလျာဏမိတ္တနှင့် ညီအစ်မငါးဦး သားတော်ဇေယျပတ္တ(အောင်ဘိသိတ်ခံမင်းသား)တို့လည်း လက်လုပ်တောင်၏ တောင်ဘက်(ယခုငွေလျှံကုန်းရွာ)တောထဲတွင် ခေတ္တနေစဉ် ဇေယျပတ္တမင်းသားလည်း စစ်ကိုင်းတွင်ပညာသင်ထွက်ခဲ့၏။ တောထဲတွင် ခေတ္တနေသောမင်းသမီးငါးဦးတို့ကိုဥစ္စာစောင့်အမှတ်ဖြင့် လက်လုပ်တောင်မှ ရွှေနဂါးရုပ်၏ ပြဒါးရှင်မျက်လုံးကို သိုက်ဆရာငါးယောက်ကတောင်းတော့၏။ 
 သိုက်ဆရာတို့တောင်းမရသဖြင့် ရိုက်နှက်ကြ၏။ သူတို့နေတဲ့တဲပေါ်ကငွေများကိုတွေ့၍ ကောက်ယူကြရာ ငွေများပျံထွက်၍ လက်လုပ်တောင်သို့ဦးတည်ကာ ကျကုန်၏။ ထိုအခါသိုက်ဆရာများက လက်လုပ်တောင်က ဥစ္စာစောင့်တွေဟုတထစ်ချမှတ်ယူကာ မင်းသမီးများကိုကြိုးတုတ်၍ လက်လုပ်တောင်သို့ခေါ်ဆောင်လာကြ၏။ ငွေများပျံထွက်သွားသည့်နေရာရွာတည်သောကြောင့် ‘ငွေပျံကုန်း’ဟု အမည်တွင်ခဲ့၏။
 ထိုငွေပျံကုန်းနေရာတွင် မင်းတုန်းမင်းကြီးငွေလှံစိုက်ထူခဲ့၍ ငွေလှံကုန်းဟုပြောင်းလဲခဲ့ပြန်၏။ နောင်လူများကငွေကိုလှန်ပစ်တဲ့ရွာမဟုတ်၊ ငွေတွေလျှံနေတဲ့ရွာဟုဆိုကာ ‘ငွေလျှံကုန်း’ဟု ယခုအချိန်ထိ ခေါ်ဝေါ်နေကြသည်။
 သိုက်ဆရာတို့ကမင်းသမီးငါးဦးတို့အားနှိပ်စက်၍ ရွှေနဂါး၏ မျက်လုံးပြဒါးရှင်လုံးကို တောင်းကြပြန်ရာ အမကြီး ကလျာမိတ္တက လွမ်းတောင်ကဘကြီးယူပေးနိုင်ကောင်းရာ၏ဟုဆိုသဖြင့် သွားရောက်ခေါ်ခိုင်းကြ၏။ ကလျာဏမိတ္တသည် ဘကြီးတော်လည်းမတွေ့ရ၊ ညီမတော်တို့လည်းလွမ်း၍သေသောကြောင့် ထိုတောင်ကို ‘လွမ်းတောင်’ဟု အမည်တွင်ခဲ့၏။ ယခုအခါလွမ်းတောင်တွင် အမတော်နတ်နန်းရှိပါ၏။
ကျန်ခဲ့သောညီမတော်လေးဦးသည် သိုက်ဆရာတို့၏လက်ချက်ဖြင့်သေဆုံးခဲ့ကြ၏။ သိုက်ဆရာငါးဦးတို့လည်း ဘကြီးတော်တို့၏တန်ပြန်ရိုက်ချက်ဖြင့် သေကြကုန်၏။ ဘကြီးတော်ညီနောင်တို့ရောက်လာသောအခါ အကြောင်းစုံသိ၍ သိုက်ဆရာကို တောင်ပိုင်အဖြစ်တပည့်လေးယောက်ကို အရပ်လေးမျက်နှာအစောင့်အဖြစ်ထားလိုက်၏။ ညီမတော်မင်းသမီးလေးဦးတို့အားတောင်တွင်းတိုက်လေးတိုက်တို့ကို စောင့်ရှောက်စေခဲ့ကြ၏။
ယင်းနောက်အကိုဖြစ်သူ ဇေယျပတ္တမင်းသားပညာပြည့်ဝ၍ စစ်ကိုင်းမှပြန်ရောက်လေရာ နှမတော်၊အမတော်တို့ဖြစ်စဉ်အမှန်သိမြင်ရသဖြင့် သံဝေဂရကာ စစ်ကိုင်းတောင်သို့ပြန်၍ ရဟန်းပြုတော့မည်ဆို၏။ နှမတော်များက ဤလက်လုပ်တောင်တွင် သာသနာပြုဖို့ပြောကြ၏။
ထိုအခါ ဇေယျပတ္တမင်းသားသည် နောင်သာသနာတော်နှစ်ပေါင်း(၂၅၀၀)ကျော်သောအခါ အရှေ့မြောက်တောင်ပေါ်သို့လာရောက်ပင့်ကြလော့၊ ငါသည်စြင်္ကာယာဉ်စီး၍ ကြွလာမည်။ ငါသည်ရဟန်းအဖြစ်ဖြင့်ကြွလာပြီး နှမတော်တို့၏ဆွမ်းကို ရှေးဦးစွာဆွမ်းခံမည်။ ပြီးမှတောရွာတို့ကိုလှည့်လည်၍ဆွမ်းခံမည်။ ထိုအချိန်ရောက်လျှင်သာသနာတော်ကြီးပွင့်လင်းအောင် သာသနာပြုမည်ဟုဆိုကာ စစ်ကိုင်းတောင်သို့ကြွ၍ ရဟန်းပြုခဲ့၏။
 ထို့နောက်မန္တလေးနေပြည်တော်သစ်တည်၊ မင်းတုန်းမင်းကြီးသည် လက်လုပ်တောင်တွင်(၉)တောင်ပြည့်ဘုရားတည်ထားပူဇော်ခဲ့သည်။ မင်းတုန်းမင်းကြီးကိုယ်တော်တိုင်ကြွရောက်ဖူးခဲ့သည်။ အင်္ဂလိပ်တို့လက်အောက်မှလွတ်မြောက်ရန် တော်လှန်ရေးဓါတ်ပန္နက်ဆောင်ရွက်ခဲ့သည်။
 လက်လုပ်တောင်သည်အခြားတောင်နှင့် ရောနှောခြင်းမရှိဘဲသီးခြားတောင်ဖြစ်ခြင်းကမိမိတို့ နိုင်ငံသည် ဘယ်သူလက်အောက်ခံမဟုတ်သီးခြားလွတ်လပ်သော နိုင်ငံအဖြစ်ကိုယ်စားပြုထားလေသည်။ လက်လုပ်တောင်သည် အင်္ဂလိပ်သိမ်းရာတွင် နင်းကြမ်းနယ်ကျန်နေရာဖြစ်ခြင်းမသိမ်းဆည်းနိုင်ခြင်းက အံတုပြနေသည်။
လက်လုပ်တောင်သည် ဒို့ရတနာ၊ ဒို့သစ္စာဒို့သာသနာကို ဒို့မြန်မာမြေဖြင့်သာ တည်ဆောက်မည်ဟု ဖော်ကျူးထားပေ၏။
ထို့ကြောင့်မင်းတုန်းမင်းကြီးက နေမဝင်အင်ပါယာကိုထူထောင်နေသောအင်္ဂလိပ်ကိုယာယီမျှသာ ဟုလက်လုပ်တောင် ကိုယ်စားပြုသောအားဖြင့် တော်လှန်ရေးပန္နက်ဓါတ်ဆင်ခြင်းဖြစ်လေသည်။ နေမဝင်ခင်တွင် တုန်းမောင်းရိုက်၍ နေမဝင်အင်ပါယာ အင်္ဂလိပ်ကိုနှင်ထုတ်ခဲ့သည့်ဓလေ့များမှာ(၁၃၀၀)ပြည့်နှစ်တိုင်ရှိခဲ့သည်။