Bodhi Bank

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး


ဆရာတော်ကြီးကြည်ညိုလေးစားသူများ အချိန်ခဏလေး ပေးပြီး
ဖတ်သင့်၊ကြည့်သင့်ပါတယ်။အခြားသောသင်၏မိတ်ဆွေ များထံပြန်လည်းဝေမျှသင့်ပါတယ်။

မဟာဗောဓိမြိုင် ဆရာတော်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာ- ဦးဘစံ + ဒေါ်မေ တို့မှ ၁၃၀၃-ခုနှစ်၊ ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်သည်။
၁၃၁၇-ခုနှစ်၊ တပိုတွဲ လပြည့်ကျော် (၆) ရက်၊ စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံတွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့အမည် ရှင်ဉေ ယျ ဟု ကိုယ်တိုင် ခံယူခဲ့သည်။
၁၃၂၃-ခုနှစ်၊ ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်- ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းဖြစ်သည်။ ရဟန်းဒကာ ဦးဘသန်း + ဒေါ်စောဉာဏ်တို့ ဖြစ်ကြသည်။ 
၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၀)ရက်၊ တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့၊ ဝေဠုဝန် ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ပိဋကတ် စာပေများသင်ယူရန် ရောက်ရှိ။
၁၃၁၉-ခုနှစ်တွင်- ရွှေဘို-ဝေဠုဝန်ပါဠိတက္ကသိုလ်မှ အစိုးရပထမငယ်တန်း အောင်မြင်သည်။
၁၃၂၁-ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက်ပန်းတောင်းကျောင်းတိုက်သို့ စာပေသင်ကြားရန် ရောက်ရှိ။
၁၃၂၁-ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်သို့ ပညာသင်ကြားရန် ရောက်ရှိ၊ ထိုနှစ်မှာပင် အစိုးရပထမလတ်တန်း အောင်မြင်သည်။
၁၃၂၅-ခုနှစ်၊ နွေဦးကာလတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့-သာသနရံသီ ပါဠိတက္ကသိုလ်သို့ ရောက်ရှိသည်။ ထိုနှစ်မှာပင် အစိုးရ ပထမကြီးတန်းကို အောင်မြင်သည်။ (တိုင်းတွင် ဒုတိယ ရသည်။)


၁၃၂၇-ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်နေ့တွင်- စာသင်တိုက်တွင် နေဖို့ရန် ခက်ခဲခြင်းကို အကြောင်းပြု၍ လူဝတ်လဲခဲ့သည်။ ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံတွင် စာရေးဝင်လုပ်သည်။
၁၃၂၉-ခုနှစ်၊ နယုန်လတွင် မိခင်ဒေါ်မေ၊ အမဒေါ်ကြည် တို့၏ သဘောတူ ချက်ဖြင့် တစ်ရွာတည်းနေ ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့သည်။လူဘဝတွင် ရန်ကုန်၊ သင်္ကန်းကျွန်း၌ နေကာ ဈေးဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုးပန်းရိုက်၊ မဲနယ်ထုတ်လုပ်ခြင်းများ ပြုလုပ်ခဲ့သည်။ရပ်ကွက်အတွင်း လူမှုရေးများနှင့် (ရ.လ.က အဖွဲ့) ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး၊ ပါတီကိုယ်စာလှယ်၊ တရားရေးကော်မတီဥက္ကဋ္ဌ၊ အုပ်စု ခေါင်းဆောင်၊ အရံပါတီဝင် စသည်များ ထမ်းဆောင်ခဲ့သည်။
ဘဝဒုက္ခကို သံဝေဂ ရသည်ဖြစ်၍ ၁၃၃၇-ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များသို့ လှည့်လည်ခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့သည်။
၁၃၃၉-ခုနှစ်တွင် ကျိုက်လတ်မြို့နယ်၊ ကြီးချောင်းရွာ၊ ဆင်ကူးရွာရှိ "ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီတော်" ကို ပြုပြင်မွမ်းမံသည်။ ပြာသိုလ လပြည့်နေ့တွင် ပန္နက်ချမင်္ဂလာ ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ထီးတော်တင် မင်္ဂလာပြုလုပ်နိုင်ခဲ့သည်။
၁၃၄၁-ခုနှစ်၊ ဝါဆိုလဆန်း (၁) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်-မဟာစည် သာသနရိပ်သာကြီးတွင် ၄၉-ရက် တရားစခန်းဝင်ခဲ့သည်။
၁၃၄၁-ခုနှစ်၊ ဝါခေါင်းလပြည့်ကျော် (၇) ရက်နေ့၊ ည (၅) နာရီတွင် ဉာဏ်စဉ် တရားများ နာကြားခွင့်ရခဲ့သည်။
၁၃၄၁-ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၈:၄၅) နာရီတွင် ဘောက်ထော်-သီရိရတနာလမ်း၊ သာသနာ့ ဗိမာန် ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ် တွင် (ဒုတိယအကြိမ်) ရဟန်းဖြစ်သည်။

၁၃၄၁-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံး နေတော်မူလျက်ရှိသည်။
(သီတင်းသုံး တော်မူရာ နေရာများကို သီးသန့် ဖော်ပြထားပါသည်။)
၁၃၄၁-ခုနှစ်တွင် သာစည်မြို့နယ် ရွှေကျောင်းကုန်း တောင်ထိပ်၌ 'လောကမုနိစေတီတော်' ကို တည်ထားခဲ့သည်။ အုတ်မြစ်ချမင်္ဂလာနှင့် ဌာပနာပိတ်ပွဲကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်ပြီး၊ တပေါင်းလပြည့်နေ့တွင် ထီးတော်တင်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
၁၃၅၃-၅၄-၅၅ ခုနှစ်များတွင် ပျဉ်းမနား (ယ္ခုနေပြည်တော်) ရှိ လက်လုပ်တောင်တောရတွင် သီတင်းသုံးစဉ် ကာလအတွင်း 'လက်လုပ်တောင် ဆရာတော်ဈာန်ပျံသည်' ဟူသော ကောလဟာလကြောင့် ဆရာတော်၏ အကြောင်း တစ်နိုင်ငံလုံး ပျံံ့လွင့်ခဲ့သည်။
၁၃၅၇-ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ(၂၂)ရွာ၊ လီရှော(၄)ရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
ယင်းတိုင်းရင်းသားများ ဒေသန္တရ ဗဟုသုတရ တိုးပွားရန် ရည်သန်၍ ၁၃၅၈-ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်နေ့တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုသို့သော အကြောင်းများ ကြောင့် 'မဟာဗောဓိမြိုင် ဆရာတော်' ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှား ခဲ့သည်။
၁၃၅၉-ခုနှစ်တွင် နတ်တလူတောရကို စတင်တည်ထောင်၍ ဝါဆိုလပြည့် နေ့မှ တော်သလင်းလပြည့်နေ့ထိ (၂) လတိတိ တရားစခန်းဖွင့်လှစ်ပေးခဲ့သည်။ စခန်းပွဲအတွင်း ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက် တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်နေ့ထိ (၁) လ စခန်းကို ပြုလုပ်ပေးခဲ့သည်။၁၃၅၉-ခုနှစ်တွင် နတ်တလူတောရ၌ 'မင်းဘိသိက်ခံ' ဘုရားတည်ထား ပူဇော်သည်။ နှောင်းတန်ခူးလပြည့်နေ့တွင် အုတ်မြတ်ချမင်္ဂလာ၊ ၁၃၆၀-ခုနှစ် ကဆုန်လပြည့်နေ့တွင် ဌာပနာပိတ်ပွဲ၊ တပေါင်းလဆန်း (၄) ရက်တွင် ထီးတော် တင်ပွဲနှင့် တပေါင်းလပြည့်နေ့တွင် အနေကဇာတင်တော်မူသည်။
၁၃၆၁-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မွေးရာချက်မြှုပ်အိမ်နေရာတွင် 'ဉေ ယျဓခ် ရွှေချက်သို တံခွန်တိုင်'ကို တည်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် နတ်တလူတောရ၌ နှစ်လတရားစခန်း ထပ်မံ ဖွင့်လှစ်ပေးခဲ့သည်။

 


မဟာဗောဓိမြိုင်ဆရာတော် သီတင်းသုံးတော်မူခဲ့သည့် ဒေသများ
၁။ သာသနဗိမာန်ကျောင်း ရန်ကုန် (၁) ဝါ
(၁၃၄၁-ခု)
၂။ ရွှေကျောင်းကုန်းတောင် သာစည် (၁) ဝါ
(၁၃၄၂-ခု)
၃။ ဇင်းကျိုက်တောင် ဇင်းကျိုက် (၁) ဝါ
(၁၃၄၃-ခု)
၄။ မင်းတစ်ရာ့တစ်ပါးတောင် ဇင်းကျိုက် (၁) ဝါ
(၁၃၄၄-ခု)
၅။ ကျောက်ခမောက်ဂူ ဇင်းကျိုက် (၁) ဝါ
(၁၃၄၅-ခု)
၆။ သံသုမာရတောင် ဖူးကြီး၊ မှော်ဘီ (၂) ဝါ
(၁၃၄၆,၄၇-ခု)
၇။ အရှေ့ပရက္ကမဂူ စစ်ကိုင်း (၂) ဝါ
(၁၃၄၈,၄၉-ခု)
၈။ ရွှေကျောင်းကုန်းတောင် သာစည် (၃) ဝါ
(၁၃၅၀ မှ ၁၃၅၂-ခု)
၉။ လက်လုပ်တောင် ပျဉ်းမနား နေပြည်တော် (၃) ဝါ
(၁၃၅၃ မှ ၁၃၅၅-ခု)
၁၀။ ဘုန်းတော်ပြည့် သုဝဏ္ဍသျှံ-ရှမ်းပြည်နယ် (၁) ဝါ
(၁၃၅၆-ခု)
၁၁။ မဟာဗောဓိမြိုင် သုဝဏ္ဍသျှံ-ရှမ်းပြည်နယ် (၂) ဝါ
(၁၃၅၇,၁၃၅၈-ခု)
၁၂။ နတ်တလူ(ဇာတိမြေ) ကန့်ဘလူ (၁) ဝါ
(၁၃၅၉-ခု)
၁၃။ ဝေဒလ္လ ပြင်ဦးလွင် (၁) ဝါ
(၁၃၆၀-ခု)
၁၄။ မဇ္ဈိမ ဓမ္မမောနိဂူ လယ်ဓမ္မပိုင်၊ ဂန့်ဂေါ (၁) ဝါ
(ပုံတောင်ပုံညာ)(၁၃၆၁-ခု) 
၁၅။ မောနိယျတော စကားပိုင်၊ ဂန့်ဂေါ (၁) ဝါ
(ပုံတောင်ပုံညာ)(၁၃၆၂-ခု) 
၁၈။ ပဋိပတ္တိတော ပုလဲနယ်၊ ကျော်တော (၁) ဝါ
(၁၃၆၃- ခု)
၁၇။ စံရိပ်ငြိမ်ကျောင်း ပုလဲနယ်၊ ကျော်တော (၁) ဝါ
(၁၃၆၄- ခု)
၁၈။ ခေါင်နန်းပလ္လင် ကလေးဝမြို့နယ် (၉) ဝါ
(၁၃၆၅ မှ ၁၃၇၃ ခု) မဟာမြိုင်တော။
၁၉။ ဉေ ယျဓမ်တောရ မင်းဘိသိက်ခံအနီး
ကန့်ဘလူမြို့နယ် 
(၃၃) ဝါ

ခေတ္တသီတင်းသုံးရာဒေသ။
၁။ ရသေ့မဂူ ဇင်းကျိုက် သုံးလခန့်
၂။ ဖရုံညှာ စခန်း ဇင်းကျိုက် တစ်လ
၃။ တောင်စဉ် မိတ္ထီလာ တစ်လ
၄။ ကျောက်ထီးတောင် ကျောက်ဆည် နှစ်လ
၅။ ဝါးသုံးရုံစခန်း ပုလဲ ၇၂ - ရက်
၆။ မပဒန်ဂူ ညောင်နီရွာ၊ မိုးမိတ် နှစ်လ
(သုဝဏ္ဏသျှံတောင်ထိပ်တွင် (၆) လမျှ နေခဲ့သည်။ တရား နှစ်ကြိမ် ပြသခဲ့သည်။)

ဆရာတော်သည်ဤ မနေသုံးချက် တစ်ချက်ချက်တို့ကြောင့် ရွေ့ပြောင်းခဲ့ရသော နေရာပေါင်း ကား သုံးဆယ်ဝန်းကျင် ရှိခဲ့ပြီး ဖြစ်ပါသည်-
ဘယ်နေရာရောက်ရောက် ဌာနေသံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေရာ၌ ငါမနေ။
ဘယ်နေရာရောက်ရောက် လူရှုပ်- လာဘ်ပေါ- ကျော်ဇော- ခြွေရံ ဤလေးတန် အခံရှိနေက ငါမနေ။
ဘယ်နေရာရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေ။

ဓမ္မစာပေများမှ ပြန်လည်ပြုစုရေးသားခြင်း ဖြစ်၍လိုအပ်ချက်များရှိရင် တောင်းပန်ပါတယ်။

 

ဆရာတော်၏ ဘဝဖြတ်သန်းမှု (၆)မိနစ်စာ Movie